ပွင့်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု ၊ သစ်တော်ကျေးရွာတွင် ကျေးလက်နေ ပြည်သူ များ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဉ္စမအကြိမ်မြောက် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တိုးတက်အောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်အချက်များနှင့် စီမံကိန်းချေးငွေများ သုံးစွဲရာတွင် အကျိုးရှိရှိ စနစ်တကျ သုံးစွဲသွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများက သစ်တော်ကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းအသင်းဝင် ဦးရေ စုစုပေါင်း ၁၄၅ ဦးအား ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လုပ်ကိုင်ရန်အတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၆၄ ဒသမ ၅ သိန်း အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဖွံ့ဖြိုးမှုအားနည်းသော ကျေးရွာများကို စိစစ်ရွေးချယ်ကာ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချသွားနိုင်ရေး ၊ ကျေးလက်လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရေးစသည့် ရည်မှန်းချက်များဖြင့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်မတည် ရန်ပုံငွေကျပ် သိန်း(၃၀၀)စီ ထုတ်ချေးပေးပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာပေါင်း (၃၉)ရွာအထိ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )