လေးမျက်နှာမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ကျွဲ၊ နွားများအား ဒေါင့်သန်းရောဂါနှင့်  ပေါင်ပုတ် လက်ပုတ် ကူးစက်ရောဂါကာကွယ်ဆေး(အခမဲ့)လိုက်လံထိုးနှံပေး

လေးမျက်နှာ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်နိုင် မည့် ကျေးရွာများတွင် ကျွဲ၊ နွားများအား  ကူးစက်ရောဂါများ မဖြစ်ပွားစေရေး  ကာကွယ်ဆေး များ  လိုက်လံထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က  ဘုတ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီမှူး ဒေါက်တာနှင်းနွယ်နီမှ  ကာကွယ်ဆေးထိုးနှံရခြင်းအကြောင်း ပြောကြားပြီး ကျွဲ၊ နွား ခွာလိမ်းဆေးများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြစ်ရေဝင်ရောက်နိုင်မည့် ဘုတ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နွား(၄၆) ကောင်အား ဒေါင့်သန်းရောဂါနှင့် ပေါင်ပုတ် လက်ပုတ် ကူးစက်ရောဂါ ကာကွယ်ဆေး (အခမဲ့) လိုက်လံထိုးနှံပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများမှ ကျွဲ၊ နွားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ဟိန်း