ငဖဲ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ်မိုးရာသီ မိုးစပါးများကို ထွန်ယက် စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်စိုး ၏လယ်မြေ ၁ဧကတွင်လည်း ကိုင်းဆည်ရေကိုအသုံးပြု၍ မိုးစပါးများစိုက်ပျိုးလျက်ရှိကြကြောင်းသိရသည်။
မျိုးစပါးမနောသုခမျိုးကို ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးမျိုးသန့်ခြံမှ ဝယ်ယူ၍ လယ်မြေ ၁ဧကမှာ စိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစပါးပျိုးထောင်ပြီး ပျိုးပင်ပေါက် ၂၈ ရက်သားမှာ အတန်းလိုက်ကြိုးဆွဲ စနစ်ချစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ပျိုးနှုတ်ခ အနေဖြင့် ပျိုးဆုပ် အစီး ၁၀၀ ကို ငွေကျပ် ၂၅၀၀ ပေးရပြီး ကောက်စိုက်ခအနေဖြင့် လယ် ၁ဧကကို ၁၀ဦးစိုက်ခ ငွေကျပ် ငါးသောင်းပေးရကြောင်း၊လယ်ထွန်ခက လယ် ၁ဧကကို စပါး ၁၀ တင်းပေးရပြီး တစ်ဧကအထွက်နှုန်းမှာ တင်း ၈၀ ခန့်ထွက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများငှားရမ်းလုပ်ကိုင်ပါက တောင်သူအတွက် ထွက်ရှိသည့်စပါး၏ ထက်ဝက်ခန့်သာကျန်ရှိပြီး ပျိုးနှုတ်၊ ကောက်စိုက်ခသာငှားရမ်းပြီး ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးလုပ်ကိုင်ပါမှ တောင်သူအတွက် စပါးပိုမိုကျန်ရှိပြီး တွက်ခြေကိုက်မှာဖြစ်ကြောင်း၊ ဆင်ချည်တိုင်ကျေးရွာမှတောင်သူများ အနေဖြင့် လယ်မြေ များတွင်မိုးစပါး ကိုသာအဓိကထားစိုက်ပျိုးပြီး နွေရာသီတွင် အခြားသီးနှံများစိုက်ပျိုး လုပ်ကိုင်ကြကြောင်း တောင်သူ ဦးအောင်ကျော်စိုးကပြောကြားသည်။
ငဖဲမြို့နယ်တွင် မန်းချောင်းဆည်၊ ရင်းရှည်ဆည် ၊ ဆည်ငယ်၊ ကန်ငယ်များမှ ဆည်ရေကိုအမှီပြု၍ ဆင်းသုခ၊ဧရာမင်း၊ မနောသုခ၊ ရတနာတိုးမျိုးများနှင့် တောင်ယာစပါးကို စိုက်ပျိုးကြပြီး ၂၀၂၁ခုနှစ် မိုးရာသီ တွင် မိုးစပါးစိုက်ပျိုးရန် (၇၆၂၇)ဧက လျာထားခဲ့ရာ ယနေ့ထိ မိုးစပါးစိုက်ဧက(၄၀၁၀)ဧက စိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မယု(ငဖဲ)