ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရခိုင်ပြည်နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

စစ်တွေ  ဩဂုတ် ၂၇

ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှသည် ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်အနီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ၊ ပြည် နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေမှု၊ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး များရရှိရေးတို့အပါအဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည့်တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်အောင်ဝင်း က ဝန်ထမ်းဖွဲ့စည်းပုံ၊ ဘဏ္ဍာငွေရရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာရရှိမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားဒေသများဖွံ့ဖြိုးရေးဆောင်ရွက်နေမှုနှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများ တက်ရောက်စေရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး၊ ပြည်နယ် အစိုးအဖွဲ့မှ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရေးနှင့် တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ဆွေးနွေးကာနိဂုံးချုပ်အမှာ စကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးသည် ရုံးအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

တင်ထွန်း