ဟားခါး သြဂုတ် ၁၃
ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (COVID-19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချလျက်ရှိသည့် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်သည် ယနေ့နံနက် ၉ နာရီတွင် သင်တန်းဖွင့်လှစ်လျက်ရှိသည့် ဟားခါးမြို့စျေးသစ် ရပ်ကွက်ရှိ ကာရာနီ ဘုရားကျောင်းသို့ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်သည် ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး (COVID-19)ကာလအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ သင်ကြားရသည့် ဘာသာရပ်အလိုက် လေ့လာကြိုးစားကြရန်နှင့် သင်တန်းမှသင်ယူထားသည့် ပညာရပ်များအား စီးပွားဖြစ် လုပ်ကိုင်နိုင်ကြရန်၊ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာ၊ ဆရာမများကလည်း ဘာသာရပ်များအား တတ်ကျွမ်းနားလည် သဘောပေါက်ပြီး လက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချနိုင်စေရန် အတွက် ထိရောက်စွာ သင်ကြား ပို့ချပေးရန် အားပေးစကား ပြောကြားခဲ့သည်။
ချင်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် (COVID-19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဟားခါးမြို့တွင် လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်း(၂)ကြိမ် နှင့် စားသောက် ကုန်လက်တွေ့ လုပ်ငန်းခွင် သင်တန်း(၁)ကြိမ်၊ ထန်တလန် မြို့တွင် လူသုံးကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်း(၁)ကြိမ်၊ စားသောက်ကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်း(၁)ကြိမ် စုစုပေါင်း(၅)ကြိမ် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ (COVID-19) ကာလအတွင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် သင်တန်းပေါင်း (၃၀၀)ကျော်နှင့် သင်တန်းသား၊ သင်တန်းသူ (၉၀၀၀)ကျော်အား စက်တင်ဘာလကုန်အထိ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက ပြောကြားသည်။
အဆိုပါ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးဖြင့် သင်ကြားပို့ချလျက်ရှိပြီး စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် လက်တွေ့လုပ်ငန်းခွင် သင်တန်းတွင် ဘာသာရပ်များ အနေဖြင့် ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာ ပြုလုပ်နည်း အဆင့်ဆင့်၊ အဝတ်လျှော် ဆပ်ပြာ ပြုလုပ်နည်းနှင့် ရေချိုးဆပ်ပြာပြုလုပ်နည်းများကို ဒုတိယအကြိမ် သြဂုတ်လ (၁၀)နေ့တွင် ဆက်လက် သင်တန်း ပို့ချပေးလျက်ရှိကြောင်း(COVID-19) စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေရရှိစေရေး ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)