ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရပ်ဆိုင်းသွားပြီဖြစ်

ငဖဲ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ဩဂုတ်လ ၉ ရက်နေ့တွင် ဆည်ရေပြည့်အမှတ် (R.L 625)ft ရှိရာမှ တမံရေပြည့်မှတ်ထက်ရေကျော်ကျလာနေပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင် (0.8)ft ထိ ရေကျော်ကျခဲ့ရာ ယမန်နေ့နံနက် ၆ နာရီတိုင်းထွာချက်အရ တမံရေပြည့်အမှတ် (R.L 625)ft သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရေပိုလွှဲမှ ရေကျော်ကျမှုမရှိတော့ဘဲ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

" ကျွန်တော်တို့ မန်းချောင်းရေလှောင်တမံမှာ ဩဂုတ်လ ၉ ရက်နေ့မှာ ဆည်ရေပြည့်အမှတ်ထက် (0.1)ft ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့ပြီး ဩဂုတ်လ ၁၃ ရက်နေ့ထိ (0.8)ft ရေကျော်ကျခဲ့ရာ မိုးရွာသွန်းမှု နည်းခဲ့သည့်အတွက် တဖြည်းဖြည်းပြန်လည်လျော့နည်းကျဆင်းလာခဲ့ပါတယ်။ ယနေ့နံနက် ၆နာရီက စပြီး ရေပိုလွှဲမှ ရေကျော်ကျမှုလုံးဝမရှိတော့ပါဘူး။ ရေလှောင်တမံများရဲ့ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်အရ ပြည်သူများသိရှိနိုင်ရေး အသိပေးစိုက်ထူခဲ့တဲ့ အစိမ်းရောင်အလံများလည်းပြန်လည် ရုပ်သိမ်းထားပါပြီ။ မန်းတမံဝန်ထမ်းများကလည်း ရေဝင် ရောက်မှု အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက် ရှိပါတယ်" ဟု ဦးစီးမှူးဦးအောင်ကိုဦး မှ ဆက်လက်ပြောကြားသည်။

ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံသည် ဩဂုတ်လဆန်းပိုင်းတွင် မိုးရွာသွန်းမှုပိုမိုများပြားခဲ့သည့် အတွက် တမံအတွင်းသို့ ရေဝင်ရောက်မှုများခဲ့ပြီး တမံရေပြည့်မှတ် (R.L 625)ft အထက် (0.8)ft ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့ရာ မိုးရွာသွန်းမှုလျော့နည်းခဲ့သည့်အတွက် တဖြည်းဖြည်း ပြန်လည် လျော့နည်း ကျဆင်းလာခဲ့ပြီး ယနေ့တွင်ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)