ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပညာသင်ကြားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဆွမ်ပရာဘွမ်  ဩဂုတ်  ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌  ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အဖွဲ့မှ ယနေ့နံနက် ၁၁ နာရီက မြို့မအခြေခံပညာ အထက်တန်း ကျောင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ပညာသင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအဝင်ဝတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် face Shied များ ပါ/မပါ စစ်ဆေးခြင်း၊ လက်ဆေး ဘေစင်တွင် လက်ကို စနစ်တကျဆေးရန် တာဝန်ကျ ဆရာ၊ ဆရာမများက စစ်ဆေးပြီး တစ်ဦးနှင့်တစ်ဦး နီးကပ်မှု မရှိစေရေး (၆)ပေကွာဖြင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း၊ ထို့အပြင် စာသင်ခန်းများရှေ့တွင် အမှိုက်ပုံးထားရှိခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများက အလှည့်ကျ စာသင်ကြားစေ​ခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ လိုက်နာမှု ရှိ/ မရှိကို နေ့စဉ်လိုက်လံ စစ်ဆေး လျက်ရှိကြောင်း အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးသူရိန်ထွန်းက ပြောကြားသည်။

အဆိုပါ အဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စီမံချက်အရ (၅၅) ချက်၊ (၂၂)ချက်နှင့်အညီ အခြေခံပညာ အထက်တန်း ကျောင်းသူ၊ ကျောင်းသား ဆရာ၊ ဆရာမများ လိုက်နာ ဆောင်ရွက်ခြင်း ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအဖွဲတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ် ပညာရေး၊ မြို့နယ် မီးသတ်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)