သာစည် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့နယ်လှိုင်းတက်ကျေးရွာရှိ တပ်မတော် မိုးရေကာဖျင်စက်ရုံနှင့် တပ်မတော်ဖိနပ်စက်ရုံတို့မှ အလုပ်သမားများအားအဆိုပါစက်ရုံရှိ ဗန္ဓုလ ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးကြောင်းသိရသည်။
အဆိုပါစက်ရုံများတွင် ကာကွယ်ဆေးထိုးနှံမည့်အာမခံအလုပ်သမား ၆၆၀ ဦးရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ သွေးပေါင်ချိန် ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ စာရင်းကောက်စာရင်းသွင်းခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးမှဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က စက်ရုံမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စနစ်တကျထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင် များကသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားပေါင်း ၂၀၈၅ ဦး ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)