ကျောက်တန်းမြို့နယ်တွင် အသက် ၆၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး

ကျောက်တန်း  ဩဂုတ်  ၂၆

ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများလည်းမြင့်တက်လျက်ရှိရာ   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများအား ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံမည့်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ကျောက်တန်းမြို့နယ်၌ ဩဂုတ်လ ၂၅ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၂၃၅၄ ဦး၊ စေတနာ့ဝန်ထမ်း ၂၀၉၁ ဦး၊ သံဃာတော်နှင့် သီလရှင်ဆရာကြီး ဆရာလေး ၃၄၄ ပါး၊နိုင်ငံ့ဝန်ထမ်း ၅၂၃ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၁၆၆ ဦးနှင့် စက်ရုံအလုပ်ရုံ အလုပ်သမား ၄၂  စုစုပေါင်း ၅၅၂၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသောရပ်ကွက်နှင့် ကျေးရွာများရှိ  သက်ကြီးဘိုးဘွားများအား သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ထိုးနှံရာတွင် ကျောက်တန်းမြို့ အမှတ်(၁) အခြေပညာအထက်တန်းကျောင်း၊တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် နေရာများခွဲကာ ထိုးနှံပေးလျက် ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ/မရှိ သတ်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။   

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၄၄၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၂၉) ဦး၊ ဆေးကုသ မှုခံယူနေသူ ( ၇၇) ဦး နှင့် သေဆုံးသူ (၃၈ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)