ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး

ပုသိမ်     သြဂုတ်    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းမှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအပြင် ရပ်ကွက်များမှ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ က ပုသိမ်မြို့ အ.ထ.က (၁)၊ အ.ထ.က(၄) နှင့် မြို့တော်ခန်းမ (၃)နေရာ၌ ဆောင်ရွက်လျက်ရှိသည်။ ပုသိမ်မြို့ရှိ ဆေးထိုးနှံသည့် စုရပ်များဖြစ်သော အ.ထ.က(၁) စုရပ်နေရာတွင်  အမှတ်(၃)၊ (၅)၊ (၁၁)၊ (၁၃)၊ ရပ်ကွက်များ၊ အ.ထ.က(၄) စုရပ်နေရာတွင်  အမှတ်(၆)၊ (၇)၊ (၈) ၊ (၉)၊ (၁၂) ရပ်ကွက်များနှင့် မြို့တော်ခန်းမ စုရပ်နေရာတွင်  အမှတ် (၁)၊ (၂)၊ (၄) ၊(၁၀)၊ (၁၄) ရပ်ကွက်များမှ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်များက ကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံခဲ့ကြသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးသည့် နေရာများတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်း စသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဟန်