ပုသိမ် ဩဂုတ်လ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ခဲ့သော တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သား ဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကို ယနေ့ နေ့လည်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ယောက် အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိစေရေးတို့အတွက် စိစစ်ရေးကတ်ပြားသည် မဖြစ်မနေ လိုအပ်ကြောင်း၊ သို့ဖြစ်၍ တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များ၊ အရပ်သားဝန်ထမ်းများ စိစစ်ရေးကတ်ပြားရရှိရန် သက်ဆိုင်ရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းတို့က သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၉)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၃၀)ခုတို့အား ပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က မှတ်ပုံတင်လာရောက်ပြုလုပ်ပေးသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြင့်ဟန်