သထုံ သြဂုတ် ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် အထက (ကျိုက္ကော်) ဆေးထိုးစုရပ်များ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များဖြစ်သည့် လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်)ကျောင်းခန်းမတို့တွင် ဇူလိုင်လ ၂၉ ရက်နေ့က အသက်(၆၅)နှစ်နှင့်အထက် ပြည်သူစုစုပေါင်း ၁၉၈ ဦးတို့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ပြီး အဆိုပါထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်ကာ ဆေးထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းမှစတင်ကာ အသက်(၆၅) နှစ်အထက် ဒေသခံပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် အတူနေမိသားစုများ၊ အကျဉ်းသား/ အချုပ်သားများ၊ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ အဝေးပြေးယာဉ်မောင်း ယာဉ်နောက်လိုက်များ စသည်တို့အား ဦးစားပေးအစီအစဉ်အလိုက် စုရပ် ၅ ရပ်ခွဲ၍ ထိုးနှံပေးခဲ့ရာ သြဂုတ်လ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ စုစုပေါင်း (၉၁၁၀)ဦးရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။