ကျောင်းကုန်း ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်နှင့် အဖွဲ့ဝင်(၃) ဦးမျိုးဝင်းရှိန်တို့က လိုက်လံကြည့်ရှ အားပေးခဲ့ကြသည်။
အ.ထ.က(၁)ရှိ စုရပ်(၁)တွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ မိုးမခ၊ သစ်ဆိမ့်ကုန်းကျေးရွာတို့မှ ဇူလိုင်လ(၂၉)ရက်နေ့က ပထမအကြိမ်ထိုးနှံခဲ့ကြသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၀၀)ဦးအား ယခု ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းကုန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သေဆုံးမှုလျော့ချရေး၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှု ဖြစ်ပွားစေနိုင်မည့် အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေး အုပ်စုများ ခွဲခြားထိုးနှံပေးကြောင်း သိရသည်။
ဝင်းကြိုင်