သံဖြူဇရပ်မြို့နယ်တွင် အသက် (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

သံဖြူဇရပ်  ဩဂုတ် ၂၆

မွန်ပြည်နယ်၊   မော်လမြိုင်ခရိုင်၊    သံဖြူဇရပ်မြို့နယ်အတွင်း   အသက်(၆၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီ ကသံဖြူဇရပ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ယခုဒုတိယအကြိမ်ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားသည်  Sinopharm  အမျိုးအစားဖြစ်ပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက် (၆၅) နှစ်အထက်ပြည်သူများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ဆရာဝန်များနှင့် ဝန်ထမ်းများ၊ အသက် (၁၈) နှစ်အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၃၀၀) ခန့်၊ လူဦးရေ(၃၀၀)ဦးခန့်အား ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်မှုအဖွဲ့ ကော်မတီဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သည့် အကူအညီများပံ့ပိုးကူညီပေးလျက်ရှိပြီး၊    ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက် ရှိကြောင်း သိရသည်။