တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံရှိ အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် အောက်ဆီဂျင် ဝယ်ယူဖြည့်တင်းရေး အလှူရှင်များလိုအပ်လျက်ရှိ

တနင်္သာရီ ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါ လူနာများအပါအဝင် အခြားအရေးပေါ် လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင်ရည် ဖြည့်တင်းနိုင်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိနေသဖြင့် အရပ်အရပ်နီးမှ မိဘပြည်သူစေတနာရှင်များက တတ်နိုင်သမျှ လှူဒါန်းပေးနိုင်ကြပါရန် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက မေတ္တာရပ်ခံ ပန်ကြားထားကြောင်း ယနေ့နံနက်က သိရှိရသည်။

“တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉လူနာအပါအဝင် အခြားအရေးပေါ်လူနာများ အတွက် လိုအပ်သော အောက်ဆီဂျင်အိုးနဲ့ အောက်ဆီဂျင်ရည် ဝယ်ယူဖြည့်တင်းဖို့အတွက် ယခင်ကအရပ်ဝေးအရပ်နီးမှ အလှူရှင်များက နိုင်အားသရွေ့လှူဒါန်းခဲ့တာ ငွေပေါင်းသိန်း (၅၀)ခန့် ရရှိခဲ့ပါတယ်။  ဒီဆေးရုံမှာ လက်ရှိ အောက်ဆီဂျင်ပေးရှူနေရတဲ့ လူနာက (၈)ယောက်/ (၉)ယောက်ခန့်ရှိပြီးတော့ နေ့စဉ် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုး (၈)လုံး/ (၉)လုံး လိုအပ်နေတဲ့အတွက် အောက်ဆီဂျင်အိုးတွေကို အောက်ဆီဂျင်အရည် ဖြည့်ဖို့အတွက် ပရဟိတလူငယ်များနှင့် စေတနာရှင်တို့ရဲ့ မော်တော်ယာဉ်တွေကို တစ်နေ့မှာ ကားတစ်စီး အစီအစဉ်နဲ့ မြိတ်မြို့မှာ သွားရောက်ဖြည့်ဆည်းနေရပါတယ်။  တနင်္သာရီမြို့နဲ့မြိတ်မြို့က မိုင်(၅၀)ကွာဝေးပါတယ်။ အောက်ဆီဂျင်တွေ အဆင်သင့်ရှိနေဖို့က အရေးကြီးပါတယ်။ အောက်ဆီဂျင်အရည် ဖြည့်ခက(၄၀)လီတာအိုး တစ်လုံးမှာ(၃၅၀၀၀) ကျပ်၊ သယ်ယူခနဲ့ဆိုရင် အောက်ဆီဂျင်အိုးတစ်လုံးအတွက် ကုန်ကျငွေ(၄၀၀၀၀)ခန့် ရှိပါတယ်။

ဒီနေ့လဲပဲ အောက်ဆီဂျင်ပြတ်လပ်မှုမရှိရအောင်  မော်တော်ယဉ်တစ်စီးနဲ့ အောက်ဆီဂျင်အိုး တွေသယ်ယူပြီး သွားရောက်ဖြည့်တင်းနေပါတယ်။ ဒါကြောင့်မို့လို့ အရေးပေါ်လူနာများ အသက်ရှင်သန် ကျန်းမာနိုင်ရန် အောက်ဆီဂျင်ဖြည့်တင်းနိုင်ရေးအတွက် လိုအပ်လျက်ရှိသော အလှူငွေများကို အရပ်ဝေးအရပ်နီးမှ စေတနာရှင်များမှ လှူဒါန်းလိုပါက Ph;09 254171513/ 09;422212577 တို့နှင့် ဆက်သွယ်လှူဒါန်းပါကြောင်း” အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ (PPE) ဝတ်စုံများအပါအဝင် အခြားအထောက်အကူပြု ပစ္စည်းများကိုလည်း လှူဒါန်းနိုင်ပါကြောင်း မြို့နယ် ဆရာဝန်ကြီးထံက ထပ်မံသိရှိရသည်။

တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်နှင့် Positive Centre များအတွင်း လက်ရှိအချိန်အထိ ကုသဆဲ ကိုဗစ်-၁၉ရောဂါလူနာပေါင်း (၁၈၂)ဦးအထိရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း