မုဒုံ သြဂုတ် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်၂၉ရက်ရက်နေ့ ကစတင်ထိုးနှံပေးခဲ့ရာယနေ့နံနက်၉နာရီက ကာကွယ်ဆေးဒုတိယအကြိမ်ကို ဆေးထိုး စုရပ်(၆)နေရာ၌ထိုးနှံပေးလျက်ရှိသည်။
မုဒုံမြို့နယ်၌ဆေးထိုးစုရပ်များဖြစ်သောမြို့မ(၄)ရပ်ကွက် သာသနာ့ဗိမ္မာန်၊ကော့ခပုံကျေးရွာဓမ္မာရုံ၊ ကော့ပရံကျေးရွာဓမ္မာရုံ၊တံခွန်တိုင်ကျေးရွာဓမ္မာရုံ၊ကမာဝက်ခြင်္သေ့ကျောင်းနှင့်ကလော့သော့ကျေးရွာဓမ္မာရုံတို့တွင် ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုစုပေါင်း(၉၁၆၀)ဦးတို့ကို ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယခုအခါကာကွယ်ဆေးဒုတိယ အကြိမ်ကိုသြဂုတ်၂၆ရက်နေ့မှစ၍ စက်တင်ဘာ ၃ရက်နေ့အထိ ဆေးထိုးစုရပ်(၆)နေရာ၌ထိုးနှံပေးသွား မည်ဖြစ်ကြောင်းမုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များကကာကွယ်ဆေးထိုးနှံပေးကြပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ကြီးကြပ်၍၊ ရပ်ကွပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များကပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)