မော်လိုက်မြို့နယ်၌ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ (၃၀၀၀)တို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်

မော်လိုက်       သြဂုတ်   ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ ၁၇ ရက် နေ့မှစတင်၍ ဆေးထိုး စုရပ်(၅)ခုတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးခဲ့ရာ သြဂုတ်လ ၂၄ ရက်နေ့တွင် စာရင်းကောက်ယူရရှိထားသည့်  ပြည်သူစုစုပေါင်း(၃၀၀၀)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် တတိယ အကြိမ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း(၁၅၀၀)ရရှိခဲ့ပြီး ဆေးမထိုးနှံရသေးသည့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် စာရင်းကောက်ယူပြုစုကာ သြဂုတ်လ(၁၇)ရက်နေ့မှ စတင်၍ ဆေးထိုးစုရပ်များဖြစ်သည့် မြို့တော်ခန်းမ၊ ကြာအင်းတိုက်နယ်ဆေးရုံ၊ ကင်းတပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ တောင်းအင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သရက် ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြပြီး ဆေးလာရောက်ထိုးနှံရန် ခက်ခဲသည့် ကျေးရွာများရှိ ပြည်သူများအတွက်ကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကျေးရွာများအရောက် သွားရောက် ထိုးနှံပေးခဲ့ရာ သြဂုတ်လ ၂၄ ရက်နေ့တွင် ဦးတည်အုပ်စုအလိုက် စာရင်းကောက်ယူထားသည့် ပြည်သူစုစုပေါင်း (၃၀၀၀)ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း ဆေးတပ်ဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မော်လိုက်သားလေး