ချင်းပြည်နယ် သမဝါယမဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းသင်တန်း (On Job Training)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟားခါး  သြဂုတ် ၁၃

ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး၊ ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားရေး ရည်ရွယ်လျက် အခြေခံစာရေး၊ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းများ လုပ်ငန်းခွင်မပျက် ပညာပေးသင်တန်း (On Job Training) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီအချိန်က ချင်းပြည်နယ် သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ချင်းပြည်နယ် သမဝါယမ အသင်းစုချုပ်ဉက္ကဋ္ဌ ဦးခမ်ကြုံးနှင အဖွဲ့ဝင်များ၊ ပြည်နယ် သမဝါယမ ဦးစီးဌာနရုံးမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးက သမဝါယမဦးစီးဌာန၏ အဓိက အရေးကြီး လုပ်ငန်းများဖြစ်သော အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ အမှန်တကယ် တက်ကျွမ်းမှု ရှိစေရေးနှင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းပြည်နယ် သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးခမ်ကြုံးက သင်တန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရေး၊ သင်တန်းကာလ တစ်လျှောက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည့်အတွက် ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနအား ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေး သွားမည်ဖြစ်ပြီး ချင်းပြည်နယ် သမဝါယမ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများက သင်တန်း နည်းပြများအဖြစ် ဆောင်ရွက်ကာ ချင်းပြည်နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်များမှ ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုတို့မှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၃၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရုံးပိတ်ရက်မပါ (၁၅)ရက်ကြာ ကာလအတွင်း စာရင်းရေး၊ စာရင်းကိုင်ဘာသာရပ်၊ ချေးငွေစာရင်းရေးဆွဲခြင်း၊ စီမံကိန်းစာရင်းအင်း လုပ်ငန်းများ၊ ဝန်ဆောင် စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ငွေစာရင်းဆိုင်ရာ လုပ်ငန်းများ၊ ရုံးလုပ်ငန်းများကို သင်ကြားပို့ချကာ စာမေးပွဲဆန်းစစ်ချက်များ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်နိုင်စိုး