အထက်မင်းလှ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား ယနေ့ နံနက်ပိုင်းမှ စတင်ပြီးရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ အနည်းငယ်သာ လျော့နည်းသည့်အတွက် ပိုးတွေ့မှုနှုန်း လျော့ချကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း Mask ဘူး (၃၃၀၀) ဘူး၊ အခုရေ (၁၆၅၀၀၀)ခုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှတစ်ဆင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသွားရန် ပေးပို့ခြင်းဖြစ်သည်။
မင်းလှမြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၅၃ ရွာရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း အနည်းငယ် လျော့နည်းလာပြီဖြစ်သော်လည်း ထပ်မံကူးစက်မှုများ ရှိနေဆဲဖြစ်သည့်အတွက် ရောဂါ ကူးစက်မှုမရှိစေရန် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား အိမ်ထောင်စုများ
လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)