ပုဏ္ဏားကျွန်း သြဂုတ် ၂၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန်တော်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ဆေးစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ယနေ့ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိစာသင်တိုက်တော်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ၊ မြို့မပရိယတ္တိစာသင်တိုက်၊ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ပင့်သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်များနှင့်စေတနာရှင်ပြည်သူများက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဝါဆိုသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ကာလတွင် သီတင်းသုံးနေထိုင်ရန် လိုအပ်သော ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းပေးကြသည်။
ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဝါဆိုသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ သီတင်းသုံး နေထိုင်လျက်ရှိတော်မူသော ဘုန်းတော်ကြီးကျောင်း(၄၁)ကျောင်း၊ သီလရှင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၄၃)ကျောင်းရှိ ရဟန်းသံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်(၂၁၀)ပါးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ ပေါ်ဆန်းမွှေးဆန် ၂ တောင်းအိတ်(၁၀၀)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ထည့်ဝင်လှူဒါန်းထားသည့် ဆီ၊ ကြက်ဥ၊ ဆား၊ ဆေး၊ ပဲ စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)