လက်ပံတန်းမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း  ဩဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ရောဂါကူးစက်ပြန့်ပွား မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့က လက်ပံတန်းမြို့နယ်အနောက်ဘက်ခြမ်း သာရဝေါတိုက်နယ်၊ ခမုံ တိုက်နယ်နှင့် ဇီးဖြူကုန်းတိုက်နယ်ရှိ ကျေးရွာအုပ်စုများအတွင်း မှီတင်းနေထိုင် ကြသော မိဘပြည်သူများထံသို့ အဖွဲ့(၃)ဖွဲ့ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြသည်။

 ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်သူများထံပန်ကြားချက်ပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာပြီး ကိုဗစ်-၁၉ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဘုန်းလှိုင်၏ လမ်းညွှန်ချက်အရ အသိပေးနှိုးဆော်ကြော်ငြာပေးပြီး ဒေသခံပြည်သူများထံ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)(၁၅၀၀) ခုနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဝေငှပေးကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)