ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ အသိပညာပေးနှိုးဆော်

ဖားဆောင်း   ဩဂုတ်  ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများ လျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပေါ်ကျေးရွာ၊ စုစည်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရွှေပြည်သို့လူမှုကူညီရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးကို  ရှောင်ကြဉ်ရန်၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည် ရောဂါခံစားနေရသူများ၊ ရောဂါအခံရှိသူများအား အိမ်တွင်သာ နေထိုင်စေရန်၊ အပြင်ထွက်သည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ရန်၊ လက်တွင် ဗိုင်းရပ်စ်ပိုးများ ကပ်ပါလာနိုင်သည့်အတွက် ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊အလုံပိတ်အခန်းများ၊အဲယား ကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသောအခန်းများအတွင်းနေထိုင်ခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားရန်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ကိုယ်ခံအား ကောင်းမွန်စေရန် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်၊ အာဟာရပြည့်ဝ စွာ စားသောက်ရန်နှင့် တရားမဝင် ဝင်ရောက်လာသူများရှိပါက နီးစပ်ရာ ရပ်/ကျေးအုပ်ချုပ်ရေး မှူးရုံးများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကြရန်စသည့် ကျန်းမာရေးနှင့် ပတ်သက် သည့် လိုက်နာရမည့်အသိပေးချက်၊ သတိပေးချက်များကို အသံချဲ့စက်ဖြင့်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် နှာ​ခေါင်းစည်း(Mask)များလည်းဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နန်းသဲနု​အောင်