သထုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစစ်ဆေးအသိပညာပေးခြင်း များပြုလုပ်

သထုံ   မတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံမှ တစ်ဆင့် နေရပ်သို့ပြန်လာကြသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်း ပါဝင်နိုင် ရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူတို့က ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့ အဝင် သထုံမြို့နယ်  ဒူးရင်းဆိပ်ကျေးရွာ ရန်ကုန်-ဘားအံကားလမ်းပေါ်နှင့် ညပိုင်းတွင် သထုံမြို့၊ ရွှေစာရံစေတီရှေ့ရှိ အဝေးပြေးယာဉ် ခေတ္တရပ်နားရာ နေရာတို့၌ နေရပ်သို့ပြန်လာသူများ ပါဝင်သည့် မော်တော်ယာဉ်များကို ရပ်တန့်ကာ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သတ်သည့် အခြားရောဂါလက္ခဏာများ ရှိမရှိစစ်ဆေးခြင်းနှင့် နေရပ်သို့ပြန်ရောက်ပါက တာဝန်ရှိသူ များမှတစ်ဆင့် ကျန်းမာရေးဌာနသို့ သတင်းပေးပို့စစ်ဆေးမှုခံယူခြင်းဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင် ကြရေးအသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)