မင်းဘူး ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် ( ၄ ) ရပ်ကွက်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော်တည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံမှာ ၃၀ လီတာကျု အမျိုးအစားဖြစ်ပြီး တစ်နေ့ ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေး၍ စက်တင်ဘာလထဲတွင် ရောက်ရှိမည်ဖြစ်ကာ မကြာမှီ ကာလများတွင် စက်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ဘဏ္ဍငွေရှာဖွေရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ထိုသို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် မြေနေရာအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းက စက်ရုံ လည်ပတ်ဆောင်ရွက်နေသည့် ကာလတစ်လျှောက် အသုံးပြုခွင့် ပေးသွားမှာဖြစ်ပြီး၊ ထရန်စဖော်မာ အတွက် ကျပ်သိန်း ၃၀၀ အလှူရှင်မှာ မင်းဘူးမြို့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအောင်ဆန်းဝင်း+ဒေါ်မြင့်မြင့်အေးနှင့် ထရန်စဖော်မာသွယ်တန်းတပ်ဆင်ခြင်းများကို ကိုသန်းဇော် မန်းသီတာ ကျောက်တိုင်လုပ်ငန်းမှ ကျပ်သိန်း ၅၀ လှူဒါန်း၍ တပ်ဆင်ပေးသွားမှာဖြစ်ကာ စက်ရုံ၏ အဆောက်အဦ အလှူရှင်မှာ မင်းဘူးမြို့ ရွှေရောင်မြေ ကုန်စုံဆိုင် မိသားစုတို့က ပံ့ပိုးလှူဒါန်းပေးခြင်း ဖြစ်သည်။
အောက်ဆီဂျင်စက်ရုံ၏ ခန့်မှန်းကုန်ကျငွေစာရင်းများမှာ မင်းဘူးမြို့အရောက် စက်ပစ္စည်းတန်ဖိုး ကျပ်သိန်း ၉၀၀၊ စက်ရုံအဆောက်အအုံတည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်း ၃၅၀နှင့် ထရန်စဖော်မာအတွက် ကျပ်သိန်း ၃၀၀ ဖြင့် ခန့်မှန်းထားပြီး အကယ်၍ အောက်ဆီဂျင်အိုးများ၊ Flow Meterများ၊ ဝန်ထမ်း စရိတ်များနှင့် အခြားအသုံးစရိတ်များအတွက် ငွေကြေးအခက်အခဲများ ပေါ်လာပါက ဒေသခံ ရပ်ဝေး ရပ်နီးမှ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက မင်းဘူးမြို့ပေါ်မှ အောက်ဆီဂျင် လိုအပ်သော လူနာများအပြင် အနီးဝန်းကျင်ရှိ မြို့နယ်နှင့် ကျေးရွာများမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီးရေးအသင်း အတွင်းရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ဇေယျာထက် (မင်းဘူး)