မော်လိုက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မော်လိုက် သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ရာတွင် “ကိုဗစ်-၁၉ ဖြစ်ပွားလာမှုသည် ရှည်လျားလာသည်နှင့်အမျှ ပြည်တွင်းတွင်း ထိန်းချုပ်နိုင်သော်လည်း ပြည်ပမှ ပြန်ရောက်လာသူများကို စစ်ဆေးတွေ့ရှိချက်တွေအရ ပိုးတွေ့လူနာများမှာ ထပ်မံတိုးပွားလာသဖြင့် ကန့်သတ်ချက်များအား (၁၅)ရက်စီတိုး တိုး၍ ထုတ်ပြန်လာခြင်းတို့ကြောင့် လုပ်ငန်းများမှာ သိသိသာသာလည်ပတ်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက မော်လိုက်မြို့ နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်စု လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း(၄၀၉၈)စုအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၈၁၉၆၀၀၀၀) ကျပ်တို့အား ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရရယူ ခဲ့ကြကြောင်းနှင့် ၎င်းထောက်ပံ့ငွေများအား ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများထံ အပြည့်အဝရရှိရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ကြီးကြပ် ၍ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 မော်လိုက်သားလေး