မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ(၇၇၄)ဦးအား မိုးရာသီသီးနှံ ဘဏ်ချေးငွေ ကျပ်(၇၈၂၈)သိန်းကျော် ယ‌နေ့ထုတ်ချေးပြီး

မိုးကောင်း ဩဂုတ်  ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ(၄၆) ဦးအား မိုးစပါးချေးငွေ (၅၈၆ ဒဿမ ၅၀)ကျပ်သိန်းကို ကိုဗစ်-၁၉စည်းကမ်းချက်များ နှင့်အညီ ယနေ့ နေ့လယ်(၁၂)နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၁ခုနှစ်၊ မေလ(၁၆)ရက်မှစတင်ထုတ်ချေးပေးလျှက်ရှိပြီး ယနေ့ထိ ကျေးရွာအုပ်စု (၁၃)အုပ်စုမှ တောင်သူ(၇၇၄)ဦးအား မိုးရာသီသီးနှံဘဏ်ချေးငွေ ထုတ်ချေးပြီးငွေပေါင်း ကျပ်သိန်း (၇၈၂၈ ဒဿမ ၅၀) ရှိကြောင်း  သိရသည်။

“ ၂၀၂၁ မိုးစပါးချေးငွေကို ၂၀၂၀ မိုးစပါးချေးငွေပြေကျေပြီး တောင်သူလယ်သမားတွေကို ယခင်နှစ်ကနှုန်းထားအတိုင်း စပါးတစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းနဲ့ တစ်ဦးကို (၁၀)ဧကအထိ ထုတ်ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းကတော့ ငွေ(၁၀၀)ကို (၁၂)လ ၅ကျပ်နှုန်းအတိုင်းပဲ ထုတ်ချေးပေးထားတာပါ။”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးနေထွန်းအောင်က ပြောကြားသည်။

မိုးရာသီဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွင်း အမြဲထုတ်ချေးပေးမည် ဖြစ်ပြီး ထုတ်ချေးသည့်နှစ်၏ နောက်လာမည့်နှစ်ဧပြီ(၁၅)ရက်နောက်ဆုံးထားပြန်လည်ပေးဆပ်ရမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

၂၀၂၀ခုနှစ်တွင် မိုးရာသီချေးငွေထုတ်ချေးသူဦးရေ ၅၇၆၈ ဦးအား ချေးငွေပေါင်း ၆၆၆၇၉ ဒဿမ ၅၀ ကျပ်သိန်းထုတ်ချေးပေးခဲ့ပြီး ပြန်လည်ပေးဆပ်သူ ၂၁၈၇ ဦး၏ ပေးဆပ်ငွေမှာ ၂၄၆၉၁ ဒဿမ ၅၀ ကျပ်သိန်းရှိကြောင်း၊ ယခုထုတ်ချေးမှုသည် ပြန်လည်ပေးဆပ်ကျေပြီးသူများအား ထုတ်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

 

သန်းလွင်ဦး