တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက်စေတနာ့ ဝန်ထမ်းအဖြစ်သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး ဝန်ထမ်းများအားချီးမြှင့် ထောက်ပံ့ငွေပေးအပ်

 

ကျိုင်းတုံ ဩဂုတ် ၂၃

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ ဝန်ထမ်းအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာ​ရေးဝန်ထမ်းများအား ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး(ကျိုင်းတုံ)၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်သည်။

ရှေးဦးစွာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်က  ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရေးနှင့် ပတ်သက်၍ လိုအပ်သည် များမှာကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  တာချီလိတ်ပြည်သူ့ဆေးရုံ ကြီးတွင် ကိုဗစ် - ၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်းအဖြစ်  သွားရောက်တာဝန်ထမ်းဆောင်မည့် မိုင်းလား၊ မိုင်းယန်း၊ မိုင်းခတ် မြို့နယ်​ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်း  ၇ ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်ချီးမြှင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်းထမ်းများသည် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်- ၁၉ ရောဂါ ကုသရေးလုပ်ငန်းများကို ဩဂုတ် ၂၄ ရက်မှ  စတင်၍  စေတနာ့ဝန်ထမ်းအဖြစ် ရက်သတ္တပတ် ၈ ပတ်ကြာသွားရောက်အား​ဖြည့်ကူညီ ထမ်းဆောင်မည်​​ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်