ဖားဆောင်း ဩဂုတ် ၂၃
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုများအား ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ( ကိုဗစ်-၁၉ ) ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့နှင့်နေအိမ်တွင် နေထိုင်ခြင်း(stay at Home) ကာလအတွင်းကျန်းမာစွာနေထိုင်နိုင်ရေးအတွက်လိုက်နာဆောင်ရွက်ရန် အချက်များပါရှိသည့် ပိုစတာများကို မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများတွင် ချိတ်ဆွဲပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းနှင့် လူနေအိမ်များသို့ သွားရောက်၍ နှာခေါင်းစည်း (Mask)များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်