စစ်ကိုင်း ဩဂုတ် ၁၃
စစ်ကိုင်းမြိုနယ်တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုသက်သာစေရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစာ္ဆန်များ မွေးမြူရေးနှင့်စောင့်ရှောက်မှု ဆိုင်ရာ အသိပညာပေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ မေထုန်မဲ့သားစပ်နည်း အသိပညာပေးသင်တန်းကို ဩဂုတ်(၈)ရက်မှ (၁၂) ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးလက်ဒေသများမှ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းနှင့် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စိတ်ပါဝင်စားသူများအတွက် လက်တွေ့နယ်ပယ်တွင် အခက်အခဲတွေ့ကြုံလာသည့်အခါတွင် လွယ်ကူစွာဖြတ်သန်းနိုင်ကြစေရန်အတွက် ကျွန်တော်အပါအဝင် ဝန်ထမ်းများကို အဖွဲ့(၃)ဖွဲ့ ခွဲကာ နည်းပြများအဖြစ်တာဝန်ယူ၍ သင်တန်းတစ်ခုလျှင်လူဦးရေ (၂၀)နှင့် နေရာ(၃၀) တို့၌ သင်တန်း(၆)မျိုးအနက်မှ နေရာဒေသနှင့်ကိုက်ညီမည့် သင်တန်းအမျိုးအစားအား တစ်နေရာ လျှင်သင်တန်းတစ်မျိုး ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ ပို့ချမည့်သင်တန်းများက မေထုန်မဲ့သားစပ်နည်းသင်တန်း၊ ကျွဲ၊ နွားမွေးမြူထုတ်လုပ်နည်းသင်တန်း၊ ဝက်မွေးမြူထုတ် လုပ်နည်းသင်တန်း၊ ကြက်မွေးမြူထုတ်လုပ်နည်းသင်တန်း၊ သိုး၊ ဆိတ်မွေးမြူထုတ်လုပ်နည်း သင်တန်းနှင့် တိစာ္ဆန်ကျန်းမာရေးစောင့်ရှောက်ခြင်း သင်တန်းများဖြစ်ပါတယ်၊ ရွာသစ်ကြီး၊ မြေတိုင်၊ နှုံးတွင်း၊ အုန္နဲပင်၊ ညောင်ပင်ရှည် စသည့်ကျေးရွာများမှာတော့ သင်တန်းများ ဖွင့်လှစ်ပို့ချပြီးပါပြီ၊ စီမံချက်ပါ ကျန်ကျေးရွာများကိုလည်း ကျွန်တော်တို့ အဆိုပါသင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း” ကို မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာ မြင့်သန်းက ပြောပြသည်။
အဆိုပါသင်တန်းများကို ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး နံနက်(၉) နာရီမှ ညနေ(၄) နာရီခွဲအထိ (၃)ရက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)