ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ

ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တပ်စုတစ်စုစာကို ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့စည်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာ နိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးထံမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်ပုံနည်းလမ်းများကို ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များအား အပတ်စဉ် ခေတ်မီစက်ကရိယာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မီးလောင်မှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ၀၅၆ ၂၁၅၀၂၊ ၀၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)