နောင်ချို ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများ အသုံးပြုရန် ၄၀လီတာဆန့် အောက်ဆီဂျင်အိုးကြီး ၃၂ လုံး အရည်ဖြည့်ပြီး လားရှိုးမြို့မှ ယမန်နေ့ ညပိုင်းက ထပ်မံရောက်ရှိလာကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်များကို Resources (Myanmar) Ltd Cornerstone မှ အချိန်မီ ဖြည့်ဆည်းလှူဒါန်းပေးပြီး နောင်ချိုမြို့နယ် ပရဟိတလူငယ်များမှ သွားရောက်သယ်ယူခဲ့ကြပြီး ခရီးစဉ်အတွက် လိုအပ်သောယာဉ်ကို ဦးအောင်နိုင်အေး (ခ)ဗိုလ်ပလောင် မိသားစုမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ပရဟိတအသင်းများအနေဖြင့် မြို့နယ်အတွက် လိုအပ်သော အောက်ဆီဂျင်များကို လိုအပ်သည့်အချိန်တွင် အချိန်မီသုံးစွဲနိုင်ရန် စုဆောင်းလျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်၌ နေ့စဉ်ပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိလျက်ရှိပြီး ယမန်နေ့အထိ ပိုးတွေ့လူနာပေါင်း (၁၂၄၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၁၀၀၁)ဦး၊ သေဆုံးသူ (၂၅)ဦး ၊ ကုသမှု ခံယူနေဆဲလူနာ(၂၂၂) ဦးရှိကြောင်း၊ အဆိုပါ လူနာများထဲမှ အောက်ဆီဂျင် လိုအပ်သော လူနာများ အောက်ဆီဂျင်အချိန်မီလုံလောက်စွာ ရရှိသုံးစွဲနိုင်ရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်မှတာဝန်ရှိသူများ၊ ပရဟိတအသင်းများ၊ အလှူရှင်များမှ စွမ်းနိုင်သမျှ စွမ်းဆောင်ပေးလျက်ရှိကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)