ကျောက်ဆည် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် (၁)ရက်နေ့ မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါသက်သာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူအမျိုးသား (၂၉၀)ဦး၊ အမျိုးသမီး(၂၀၃)ဦး၊ စုစုပေါင်း(၄၉၃)ဦးရှိကြောင်း ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်မှုကော်မတီမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်း များ၊ ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများအား သီရိသာသနာ့ ဗိမာန်တော်ဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ အမျိုးသား များအား သီရိသာသနာ့ ဗိမာန်တော်ဆွမ်းစားဆောင် Positive Centre နှင့် အမျိုးသမီးများအားမြင်စိုင်ခန်းမ Positive Centre တွင် သီးသန့်ထားရှိ၍ နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့် ရောဂါပြင်းထန်ပြီး သွေးအတွင်းအောက်ဆီဂျင် လိုအပ်သူ များအား ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျဆေးဝါးကုသမှုပေးလျက်ရှိ ကြောင်းသိရှိရသည်။
ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ်လ(၂၃)ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေသူ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦး နှင့်Positive Centre များဖြစ်သည့် သီရိသာသနာ့ဗိမာန်တော်ဆွမ်းစားဆောင်တွင် အမျိုးသား(၁)ဦး၊ မြင်စိုင်း ခန်းမတွင် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၄)ဦးအား အသွားအလာ ကန့်သတ် စောင့်ကြည့်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းသိရှိရသည်။
သက်မောင်