ဘားအံ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ တွင် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံ (၁)ရုံ၊ ပြည်နယ်အစိုးရအဖွဲ့ထံသို့ စေတနာရှင်များမှ လှူဒါန်းသည့် ကိုဗစ်-၁၉ လှူဒါန်းငွေဖြင့် ဝယ်ယူသည့် Oxygen Mobile Plant (၁) လုံး၊ ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့မှ ဘားအံမြို့သူ /မြို့သားများမှ စုပေါင်းလှူဒါန်း ငွေဖြင့်ဝယ်ယူထားသည့် Oxygen Mobile Plant (၁) လုံး ဖြင့် အောက်ဆီဂျင်များ (၂၄) နာရီ အခမဲ့ထုတ်လုပ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ကို လှာကမြင် ကွက်သစ် အောက်ဆီဂျင် စက်ရုံတွင် တပ်ဆင်ထားရှိပြီး တစ်နေ့လျှင် (၄၀) လီတာဝင် ဆလင်ဒါအိုး (၂၀၀) ခန့် ထုတ်လုပ်နိုင်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်း သည့် မိုဘိုင်းအောက်ဆီဂျင်စက်နှင့် ဘားအံမြို့သူ/ မြို့သားများ အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့မှ တပ်ဆင်မည့် မိုဘိုင်းအောက်ဆီဂျင်စက်များမှာ တစ်နေ့လျှင် (၄၀)လီတာဝင် ဆလင်ဒါအိုး (၆၄)လုံး ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်မိုဘိုင်းစက်များကို တာဝန်ယူတပ်ဆင်နေ သည့် အောင်ကြီး AGGC ကုမ္ပဏီမှ Project မန်နေဂျာ ဦးဝင်းနောင်လင်းထံမှ သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၊ ပရဟိတ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်သူများထံသို့ (၂၄)နာရီ ပိတ်ရက်မရှိ အောက်ဆီဂျင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)