ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်အတွင်း ဒေသဝမ်းစွာဖူလုံပိုလျှံ၍ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရေးအတွက် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုးမွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုကဏ္ဍတွင် ထုတ်လုပ်မှုစရိတ်နည်းနည်းဖြင့် အကျိုးအမြတ် များများရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ တောင်သူများ ပိုမိုစိုက်ပျိုးမွေးမြူလာကြ မည်ဖြစ်ပြီး ဒေသတွင်းဝမ်းစာဖူလုံပိုလျှံရုံသာမက ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ် ကြောင်း၊ များများစိုက် များများမွေးနိုင်ရန် ကြုံတွေ့လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားကြရ မည်ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုးမွေးမြူနည်းအစား ခေတ်မီနည်းပညာများကို အသုံးပြုဖို့လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အသိပညာပေး စည်းရုံးလှုံ့ဆော်ပေးဖို့လိုပြီး အမြဲမပြတ် အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်ကြဖို့လိုကြောင်း၊ တောင်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် မြို့နယ်အဆင့်သည် အရေးကြီး ပြီး ပြည်နယ်ခရိုင်အဆင့်များမှလည်း ကြီးကြပ်ပေးဖို့လိုကြောင်း၊ ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာသူများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများက ဝန်ထမ်း အင်အား၊ မြေအသုံးချမှု၊ မိုးစပါးစိုက်ပျိုး နိုင်မှုအခြေအနေ၊ လျာထားချက်ပြည့်မီကျော်လွန်ရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ရေကြီးနစ်မြုပ်မှုနှင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ ပြန်လည်စိုက်ပျိုး နိုင်မှု၊ မျိုးစပါးများထောက်ပံ့ပေးမှု၊ Home Garden ဆောင်ရွက်ထားရှိမှု၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိမှု၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နိုင်မှု၊ နည်းပညာပေးလုပ်ငန်းဆောင်ရွက်နိုင်မှု၊ တောင်သူအသိပညာပေး သင်တန်းများဖွင့်လှစ်နိုင်မှု၊ ရာဘာစိုက်ပျိုးထားရှိမှု၊ သီးနှံပိုးမွှားရောဂါ စစ်ဆေးရေးစနစ် ဖွင့်လှစ်ထားရှိမှု၊ ဆန်၊ ဆီ ဖူလုံပိုလျှံမှု အခြေအနေ၊ မွေးမြူရေးဇုန်များ အကောင် အထည်ဆောင်ရွက်နိုင်မှု၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် မွေးမြူနိုင်မှု၊ ကာကွယ် ကုသရေး လုပ်ငန်းဆောင်ရွက်နိုင်မှု၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေ၊ အခွန် အရပ်ရပ်ကောက်ခံရရှိမှု၊ ငါး၊ ပုဇွန်မွေးမြူထုတ်လုပ်မှု၊ ငါးမျိုးစိုက်ထည့်ပြီးစီးမှု၊ ရေထွက်ပစ္စည်းတင်ပို့၊ တင်သွင်းနိုင်မှုအခြေအနေ၊ မြစိမ်းရောင် စီမံကိန်း(ငါးကဏ္ဍ) ဆောင်ရွက်မှုအခြေအနေ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ သယံဇာတထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား Video Conferencing စနစ်ဖြင့် ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း