ပုသိမ်ကြီး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီရေး အသင်းရုံးနှင့် အောက်ဆီဂျင် အခမဲ့ဖြန့်ဖြူးပေးသည့် အသင်းခွဲနေရာ ရွှေလှည်း tea garden သို့ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ယနေ့ နံနက် ၉ နာရီက ရောက်ရှိပြီး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်အချို့အား တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိများ ပြန်လည်မျှဝေ ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် မေတ္တာစေတနာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်နှင့် အသင်းသားများအား ကိုဗစ်-၁၉ရောဂါကာလ ဖြစ်သည့် အတွက် လူမှုကူညီရေး ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အသုံးဝင်မည့် (PPE)ဝတ်စုံ စနစ်တ်ကျ ဝတ်ဆင်ပုံအား သရုပ်ပြရှင်းလင်း ပြသပေးခဲ့သည်။
ထို့နောက် မေတ္တာစေတနာရှင် လူမှုကူညီရေးအသင်း၏ နာရေးလမ်းကြောင်း တစ်ခု၌လည်း အသင်းဝင်များနှင့်အတူ အသင်းမော်တော်ယာဉ်မောင်းပြီး ပါဝင်အားဖြည့် ဆောင်ရွက်ပေးခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ဩဂုတ်လ ၂၁ ရက်နေ့က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မန္တလေး နည်းပညာတက္ကသိုလ်(MTU)၌ ဖွင့်လှစ်ထားသော ရန်ကင်းကိုဗစ်စင်တာ(မန္တလေး) သို့လည်း သွားရောက်အားပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ် (ပြန်ဆက်)