တနင်္သာရီ သြဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတဒါနသံဃ ဆေးရုံသီးသန့်လူနာဆောင် နှင့် ဆေးရုံဝန်ထမ်းအိမ်ရာနှင့် အလက(ခွဲ) သံတိုက်ရွာ Positive Centre နှင့် အထက(ခွဲ) သာရဘွင် Positive Centre များအတွင်း ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါပိုးတွေ့လူနာ(၉၁)ဦးအနက် ကျန်းမာရေးပြန်လည် ကောင်းမွန်သက်သာပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သော လူနာ(၅)ဦးအား ယနေ့ နံနက် ၁၁ နာရီက တာဝန်ခံဆရာဝန်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆေးရုံမှဆင်းခွင့်ပြုသည့်လူနာများအနေဖြင့် ဆေးရုံမှဆင်းသည့်နေ့မှစ၍ (၇)ရက်တိတိ မိမိတို့၏ နေအိမ်တွင် Home Quarantine အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့်အညီ တိတိကျကျလိုက်နာပြီး သီးခြားနေထိုင်ကြ ပါရန် တာဝန်ခံဆရာဝန်က အသိပေး မှာကြားခဲ့သည်။
၎င်းအပြင် တကူတိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ လာရောက်ပြသသည့် ပြင်လူနာ(၁၆)ဦးကို တာဝန်ခံဆရာဝန်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Covid-19 Antigen test kit ဖြင့်စစ်ဆေးပေးရာ တကူကျေးရွာအုပ်စု-ပြည်အေးရွာမှ အမျိုးသား(၄)ဦး၊ အမျိုးသမီးတစ်ဦး၊ အင်းရှည်ကုန်းရွာမှအမျိုးသမီး(၂)ဦး၊ ဝမ်းနာကော်တောရွာမှ အမျိုးသားတစ်ဦး၊ ကော့မပြင်းကျေးရွာအုပ်စု-ကော့မပြင်းရွာမှ အမျိုးသမီး(၃)ဦး စုစုပေါင်း အမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦး ၊ စုစုပေါင်း(၁၁)ဦးတို့အား ရောဂါပိုးထပ်မံတွေ့ရှိရသဖြင့် အလက(ခွဲ)သံတိုက် Positive Centre နှင့် အထက(ခွဲ)သာရဘွင်ရွာ Positive Centre တို့အတွင်းကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက် များနှင့် အညီ ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ရောဂါပိုးအတည်ပြုတွေ့ရှိသည့် လူနာ(၁၁)ဦးတို့၏မိသားစုဝင်များကို ရောဂါပိုး ပြန့်ပွားမှုမှ ထိန်းချုပ်နိုင်ရန် အတွက် ၎င်းတို့၏ နေအိမ်များကို Lock Down ချ၍အသွားအလာ ကန့်သတ်ပြီး Home Quarantine အဖြစ် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သို့ပါ၍ တကူ(စံပြ)တိုက်နယ်ဆေးရုံရှိ ဇီဝိတဒါနသံဃဆေးရုံဆောင်၊ ဝန်ထမ်းအိမ်ရာ၊ အလက(ခွဲ)သံတိုက်ရွာ Positive Centre နှင့် အထက(ခွဲ) သာရဘွင်ရွာ Positive Centre များတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့ ညနေအထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ လူနာပေါင်း(၉၇)ဦးအထိရှိပြီဖြစ်ကြောင်း တကူတိုက်နယ်ဆေးရုံမှတ်တမ်းအရ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)