ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လှည့်လည်နှိုးဆော်

ပြည်ကြီးမဏ္ဍိုင်  သြဂုတ်    ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပျံ့နှံ့လျက်ရှိသည့် အတွက် ပြည်သူများကျန်းမာရေးလမ်းညွှန်ချက်များအား လိုက်နာနေထိုင်ခြင်းဖြင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကိုဘယမန်နေ့ညနေ(၅)နာရီက မြို့ဌာနဆိုင်ရာများ ပူပေါင်း ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့လှည့်လည်နှိုးဆော်ရာတွင် မြို့ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှပြည်သူများ တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ကြရန်၊ မဖြစ်မနေ အိမ်ပြင်ထွက်သွားလာရပါက ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန်၊ အိမ်တွင်းဧည့်သည် လက်ခံခြင်း လုံးဝမပြုလုပ်ရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာ ခံစားရရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး စစ်ဆေးကုသမှု ခံယူကြရန်၊ စည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း နှိုးဆော် အသိပေးခဲ့သည်။

အဆိုပါ လှည့်လည်နှိုးဆော်ခြင်းကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်၊ လေညာအရှေ့၊ အနောက်ရပ်ကွက်များသို့ မီးသတ် တာဝန်ခံ ဦးမျိုးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး တာဝန်ခံ ဦးမျိုးအောင်၊ ပြန်/ဆက်ဦးစီးမှူး ဦးမျိုးလွင်၊ စေတနာရှင် ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးလှဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)