မြိတ်မြို့တွင် အောက်ဆီဂျင်စက်ရုံ(၂)ရုံ တည်ဆောက်လျက်ရှိ

မြိတ်   ဩဂုတ်   ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အောက်ဆီဂျင်စက်ရုံ(၂)ရုံကို ပြည်သူ့ဆေးရုံတွင်တစ်ရုံနှင့် ကလွင်ကျေးရွာ ဘုတ်ချောင်းတွင်တစ်ရုံ တည်ဆောက်လျက်ရှိပြီး စက်ပစ္စည်းများ မှာယူထားရှိ၍ မကြာမီရောက်ရှိလာ မည်ဖြစ်ကြောင်း သိရသည်။       

“အောက်ဆီဂျင်စက်ရုံ(၂)ခုရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းတာတစ်ခုနဲ့ အလှူရှင်များမှ လှူဒါန်းတာ တစ်ခုဖြစ်ပါတယ်။ ပြည်ပမှ မှာယူထားတဲ့ စက်တွေဖြစ်တဲ့အတွက် အရင်ရောက်လာတဲ့ စက်ကို ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံမှာ ဦးစားပေး တပ်ဆင်မှာဖြစ်ပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ(၂)ရုံတွင် ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံသည် တည်ဆောက်ပြီးစီးမှုအနေဖြင့် (၈၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ကလွင်ကျေးရွာ ဘုတ်ချောင်းတွင် တည်ဆောက်လျက်ရှိသည့် စက်ရုံသည်(၄၀)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီဖြစ်၍ အောက်ဆီဂျင်စက်ရုံ၌ တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာတော့ မည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်သည် တစ်နေ့လျှင် (၄၀)လီတာ အောက်ဆီဂျင်အိုး (၁၈၀)မှ (၂၀၀)လုံးခန့် ထွက်ရှိနိုင်ကြောင်း၊ စေတနာရှင်အလှူရှင်များလှူဒါန်းထားသည့် အောက်ဆီဂျင်စက်သည် အောက်ဆီဂျင်အိုး (၁၀၀)မှ (၁၂၀) လုံးခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်ပြန်/ဆက်)