အမရပူရမြို့နယ်အတွင်းရှိ ဆရာတော် သံဃာအရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်း

မန္တလေး    ဩဂုတ်    ၂၂

အမရပူရမြို့နယ်အတွင်းရှိ ဆရာ တော်သံဃာအရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ ဆင်ဖြူမယ်ကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမရပူရမြို့နယ်သံဃာ့နယက ဥက္ကဋ္ဌ ဆရာတော်  ဘန္ဓန္ဒအဂ္ဂဉာန အမှူးရှိသော ဆရာတော်ကြီး(၅) ပါးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်အတူ အစိုးရအဖွဲ့မှဝန်ကြီးများက အမရပူရမြို့နယ် အတွင်းရှိ ဆရာတော်သံဃာအရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး/ ဆရာလေးများ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန် ရည်ရွယ်၍ ဆရာတော်သံဃာ (၂၅၀၃)ပါး၊ သီလရှင် (၁၈၉)ပါး စုစုပေါင်း (၂၆၉၂)ပါးအတွက် ဆွမ်းဆန်တော် (၆၇၃) အိတ်၊ ဆီ (၁၃၄၆)ပိသာ၊ ကြက်သွန်နီ (၁၃၄၆)ပိသာ၊ ကုလားပဲ(၁၃၄၆)ပိသာ လှူဝယ်ပစ္စည်း(၄)မျိုး စုစုပေါင်းကာလ တန်ဖိုး (၂၃,၇၉၇,၂၈၀)ကျပ် လှူတန်းခဲ့ကြပြီး သံဃာတော်ကြီးများထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များနှင့်ရေစက်ချတရားတော်များနာယူခဲ့ကြသည်။

အဆိုပါဆွမ်းဆန်တော်ကပ်လှူပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမူရေးရာဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းသာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း၊ မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟံစိုး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်တေဇ၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးလွင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်