မန္တလေး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပင့်ဖိတ်လျှောက်ထားမှုဖြင့်ရဟန်းရှင်လူပြည်သူအပေါင်းအန္တရာယ်ခပ်သိမ်းပပျောက်ငြိမ်းစေရန်စိတ်ရည်သန်လျက်ပရိတ်တရားတော်များရွတ်ပွားချီးမြင့်တော်မူကြသောဆရာတော်အရှင်သူမြတ်များအားမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်နှင့်ဝန်ကြီးများကဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းတည့်၁နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊၁၂လမ်းနှင့်၁၄လမ်းကြား၊၆၂လမ်းရှိနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကိုတက်ရောက်လာသူများကနမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆရာတော်အရှင်သူမြတ်များက အောင်ဂါထာ(၂)ဂါထာအား ရွတ်ဖတ်ပူဇော်ချီးမြင့်ကြသည်။
ထို့နောက်တက်ရောက်လာသူများကမန္တလေးမြို့၊မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့်ဝန်ကြီးများကနာယကဆရာတော်နှင့်သံဃာတော်များအားဝါဆိုသင်္ကန်းနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က ဆရာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းအကြောင်းနှင့်ပတ်သက်၍ လျှောက်တင်ပြီးနာယကဆရာတော်ကြီးထံမှလှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြားကြ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ပါ ပင့်သံဃာ(၅၀)ပါး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီး သာသနာရေးမှူး ဦးကျော်လှိုင်၊ မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)