ကော့သောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အသွားအလာကန့်သတ်ထားမှု ကြပ်မတ်စစ်ဆေးဆောင်ရွက်

ကော့သောင်း   ဩဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရေးအတွက် အသွားအလာ ကန့်သတ်ခြင်းများကို လိုက်နာဆောင်ရွက်နိုင်မှုအား ယနေ့နံနက်က ပူးပေါင်းအဖွဲ့များ စစ်ဆေး ကြပ်မတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့်သေဆုံးမှုထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ ၂၁ ရက်နေမှ စတင်ကာ အသွားအလာ ကန့်သတ်မှုများကို အသိပေးကြေညာလျက်ရှိထားပြီးဖြစ်ရာ နေအိမ်တစ်အိမ်တွင် တစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် သွားလာခွင့်ပြု၍  ကတ်ပြားမရှိသူများ အပြင်ထွက်ခွင့်ကန့်သတ် ထားရှိကြောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့အဝင်ဂိတ်များ၊ မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံများတွင် ဌာနဆိုင်ရာ များမှအဖွဲ့(၃)ဖွဲ့ကာအသွားလာကန့်သတ်မှုများ အားလိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေး ကြပ်မတ် အရေးယူဆောင်ရွက်လျက်ပြီး လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့ရာမှ ရောဂါကူးစက်မှု ဖြစ်ပေါ်စေသည့် အတွက်  မလိုလားအပ်ဘဲ အိမ်အပြင်ကို ကိစ္စမရှိဘဲ မထွက်ကြဖို့၊ ထွက်မယ်ဆိုရင်လည်း တစ်ဦးသာထွက်ခြင်းအားဖြင့် ပြင်ပမှာ ထိတွေ့မှုနည်း ပြီး ကူးစက်မှုကို လျှော့ချနိုင်ရေး အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းလုပ်ငန်းများကို လိုက်နာမှုမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ကျော်စိုး(ကော့သောင်း)