ခင်ဦး ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအမိန့်များ ထုတ်ပြန်နိုင်ရန်နှင့် ပြည်သူလူထုသို့ ပန်ကြားချက်များ ထုတ်ပြန်ခြင်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာစန်းယုကိုက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ပိုးတွေ့အတည်ပြု လူနာများ ဆေးကုသပေးနေမှု အခြေနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ (၃) ဖွဲ့ တို့အား စုစုပေါင်းငွေကျပ် (၅၄၀၀၀၀) နှင့် ကာကွယ်ရေးပစ္စည်းများဖြစ်သော PPE ဝတ်စုံ တစ်သင်းလျှင် (၁၀) စုံနှုန်းနှင့် မျက်နှာ၊ နှာခေါင်းစည်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)