မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါ လူနာများအတွက် လိုအပ်သော သောက်ဆေးများ ဝယ်ယူဖြည့်တင်းပေး

ရွာငံ  ဩဂုတ်  ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါလူနာများအတွက် လိုအပ်သော သောက်ဆေးများကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်−၁၉ရောဂါ ကုသရေးစင်တာတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်ရာတွင် မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ကိုဗစ်−၁၉ရောဂါအတွက် လိုအပ်သော ပိုးသတ်ဆေးအမျိုးအစား  FAVIPACဆေး တန်ဖိုး ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ဆေး(၃၀)ဗူးကို ဝယ်ယူဖြည့်တင်းပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးသန္တာနိုင်မှ လက်ခံရယူခဲ့သည်။

ယင်းFAVIPACဆေးကို ကိုဗစ်−၁၉ ရောဂါဖြစ်ပွားသူ (ရောဂါအခံရှိသူ)များကို ပထမ(၁၀)ရက်အတွင်း စတင်တိုက်ကျွေးရမည်ဖြစ်ကြောင်းနှင့် လူတစ်ယောက်ကို (၅၂)လုံးထိ တိုက်ကျွေးရမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာအေးသန္တာနိုင်မှ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်−၁၉ရောဂါလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ သောက်သုံးရမည့်ဆေးများ အလုံအလောက်ရှိပါသဖြင့် ပြည်သူများအနေဖြင့် မိမိတွင် ကိုဗစ်−၁၉ရောဂါလက္ခဏာရှိသူဟု သံသယရှိပါက မိမိနေအိမ်တွင် ကြိတ်၍ကုသခြင်းမပြုဘဲ “စောစောသိ၊ စောစောလာ၊ စောစောကု” ဆိုသည့်အတိုင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်ဆုံးလာရောက် ကုသစေလိုကြောင်း ပြောကြားပါသည်။

ပြည့်ဖြိုးသန့်