တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ

တံတားဦး  ဩဂုတ်  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပညာပေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့ခြင်းနှင့် အနံ့မရခြင်း၊ နေမကောင်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်ခြင်းတို့ကြောင့်  စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦးထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို နေ့စဉ်နံနက်ပိုင်းတွင် စာရင်းပေးသွင်း၍ လာရောက် စစ်ဆေးနိုင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူသည် နေမကောင်းခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာမရရှိခြင်း၊ မိမိကိုယ်တိုင် ရောဂါသံသယလက္ခဏာဖြစ်ခြင်းတို့ကြောင့် လာရောက်ပြသခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုကို စနစ်တကျ ခံယူပြီး Test Kit ဖြင့် စစ်ဆေးရာ ပိုးတွေ့ရှိရသဖြင့် မိသားစုဝင်များ သီးခြားနေထိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ရောဂါယာယီကုသရေး စင်တာအဖြစ်ဖွင့်လှစ်ကာ မြို့နယ်ဆရာဝန်ကြီးမှ အနီးကပ်ကြီးကြပ် ကုသပေးလျက်ရှိပြီး မြို့နယ်အတွင်း ဇူလိုင်လ(၂)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမျိုးသား(၁၇၅)ဦး၊ အမျိုးသမီး(၂၄၃)ဦး စုစုပေါင်း (၄၁၈)ဦးရှိကာ သေဆုံးသူ အမျိုးသား(၃၁)ဦး ၊ အမျိုးသမီး (၄၂)ဦး ၊ စုစုပေါင်း(၇၃)ဦးရှိကြောင်း၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၁၃၁)ဦး ၊ အမျိုးသမီး(၁၈၇)ဦး ၊ စုစုပေါင်း (၃၁၈)ဦး ရှိကြောင်းနှင့်  ကိုဗစ်-၁၉ရောဂါ ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၁၄)ဦး လူနာစုစုပေါင်း(၂၇))ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)