ထားဝယ်မြို့တွင် Stay at Home နေထိုင်ရန် သတ်မှတ်ကြေညာ

ထားဝယ်         သြဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းသြဂုတ် ၂၁ ရက်နေ့မှစ၍ Stay at Home ဖြင့်နေထိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံ၍ ကြေညာလျက်ရှိသည်၊၊

ထားဝယ်မြို့တွင် Stay at Home နေစဉ်ကာလအတွင်း အိမ်ထောင်စု တစ်စုလျှင်(၁)ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် သွားလာရမည်ဖြစ်ပြီး ကျန်းမာရေးကိစ္စဖြစ်ပါက(၂)ဦး ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သွားရောက်မည့်သူများ အနေဖြင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်/အလုပ်ရှင်/ အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ နေအိမ်သို့ပြန်ခြင်းများပြုလုပ်နိုင်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက ကုမ္ပဏီ၏ ထောက်ခံချက်ဖြင့်လည်းကောင်း၊ စျေးရောင်းချသူများဖြစ်ပါက စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် လည်းကောင်း လုပ်ငန်းခွင်နှင့် နေအိမ်အား သွားလာနိုင်ပြီး အိမ်ထောင်စု တစ်စုလျှင်(၁)ဦးသာ အပြင်ထွက် ခွင့်ကတ်ပြားဖြင့်သွားလာရမည်ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)