တနင်္သာရီ ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေမှုအား ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို တပ်ဆင်ခြင်းမပြုဘဲ နေအိမ်မှပြင်ပထွက်ခွာသွားလာသူများအား စစ်ဆေးအရေးယူခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့များက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်သက်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဈေးခေါင်း ဦးငွေဝင်း၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်လွင်နှင့်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နွေးနွေးဦးနှင့် ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် လူစည်ကားရာ ချောင်းကြီး ရပ်ကွက် ရှင်မအောင်သာနတ်နန်းအရှေ့လမ်းဆုံနေရာ၊ မြို့အဝင်ကမ်းနားလမ်းရှိ ယာယီ သား၊ ငါး ကုန်စည်ဈေး နေရာများတွင် စောင့်ဆိုင်းကာ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)