ကိုဗစ်ကာလအတွင်း တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို အွန်လိုင်းမှတဆင့် အသိပညာများဖြန့်ဝေပေး

ရွှေဘို  ဩဂုတ် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကိုဗစ်ကာလအတွင်း တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာ များကို အွန်လိုင်းမှတဆင့် အသိပညာများဖြန့်ဝေ လျက်ရှိကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အွန်လိုင်းမှတဆင့် အသိပညာဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ကိုဗစ်-၁၉ကာလဖြစ်သော ကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစု‌လူဝေးများဖြင့် သင်တန်းများ၊ ဆွေးနွေးပွဲ များ ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် စိုက်ပျိုးရာသီအမှီ စိုက်ပျိုးရေးနည်းပညာများကို  အွန်လိုင်းမှတဆင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ  ပြောကြားသည်။ ထိုသို့ အွန်လိုင်းမှတဆင့် အသိပညာဖြန့်ဝေခြင်းကို ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တဂဏန်း၊ဇီးကုန်း၊ မဟာနန္ဒာ၊ဆိပ်ခွန်၊ ပလိုင်း၊ ညောင်ပင်သာ၊ တအုံ စသည့် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာများ၏ Face Page များမှတဆင့် ကွင်းဝန်ထမ်းများမှ တဆင့် ရေစိုတစ်ခါခြောက်တစ်လှည့် ရေလိုအပ်ချက်နည်း သော ရေထိန်းသွင်းသည့် နည်းစနစ်၊  စပါးတစ်ဧက ထွက်နှုန်းမြင့်မားရေးအတွက် လိုက်နာရ မည့် (၁၄)ချက်၊ စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးရမည့်နည်းလမ်းနှင့် အကျိုးကျေးဇူးများ၊ မျိုးသန့်မျိုးစေ့ စိုက်ပျိုး ထုတ်လုပ် နည်းလမ်း အကြောင်းကို အသိပညာပေး ဖြန့်ဝေလျက်ရှိသည်။

 

ယခုနှစ်မိုးပါးကို ရွှေဘိုမြို့နယ်၌  သဖန်းဆိပ်ဆည်ရေသောက် ဧရိယာဖြစ်သော SMC တူးမြောင်းမှ(၇၅၆၇၆)ဧကနှင့် OMC တူးမြောင်းမှ (၇၃၃၃)ဧက၊ ကံဖြူရေဟန့်ဆည်မှ (၁၉)ဧက၊ ကြိုးကြာဆည်မှ (၆၆၄)ဧက၊ ကိုးပင်ဆည်မှ (၂၇၈)ဧက၊ အခြားဆည်များမှ (၂၇)ဧက၊ စက်ရေတင်မှ (၂၀၃၃)ဧက၊ မြေအောက်ရေမှ (၇၂၂၂)ဧက၊ မိုးကောင်းသောက်မှ (၂၅၂၄၈)ဧက စုစုပေါင်း(၁၁၈၅၀၀)ဧကဖြစ်ပြီး စပါးမျိုးအလိုက် စိုက်ဧကများအဖြစ် ရွှေဘို ပေါ်ဆန်းစပါး စိုက်ဧက(၇၅၃၀၀)၊ ဧရာမင်းစပါးစိုက်ဧက (၅၂၀၀)၊ မနောဟရီစပါးစိုက်ဧက(၂၉၀၃၆)၊ ရွှေသွယ်ရင်စပါး (၈၉၆၄)လျာထားစိုက်ပျိုးလျက် ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)