ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပုသိမ်  သြဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း အာဟာရဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရအဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ခင်မြတ်ဆွေက တိုင်းဒေသကြီးအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း​ကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရွှေစင်ဦး က ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း MS-NPAN နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အာဟာရဆေးဝါးများ တိုက်ကျွေးခြင်းများအနေဖြင့် ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်အရွယ် ကျောင်းသူများအား သံဓာတ်ဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား အဏုအာဟာရဆေးများ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြင့်ဟန်