တနင်္သာရီ ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ပေါ် ချောင်းငယ်ရပ်ကွက် အာယုလမ်းအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများပြားနေမှုကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက Stay at Home အဖြစ် အသွားအလာကန့်သတ်ထားသော နေအိမ်များ၊ ချောင်းကြီးရပ်ကွက်အတွင်း Lock Down ချ၍ အသွားအလာကန့်သတ်ထားသော နေအိမ်များနှင့် အထက-တနင်္သာရီ Positive Centre အတွင်းရှိ ကိုဗစ်-၁၉ လူနာများအတွက် စားသောက်ရေး အဆင်ပြေစေရန်ရည်ရွယ်၍ တနင်္သာရီမြို့မရဲစခန်းက နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်သော်တာမျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၃နာရီ အချိန်က ကြက်ဥနှင့် သောက်ရေသန့်ဗူးများကို ကိုယ်တိုင်လိုက်လံ လှူဒါန်းပေးကြောင်း သိရှိရသည်။
ယင်းသို့လှူဒါန်းရာတွင် ဒုရဲအုပ်သော်တာမျိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက အာယုလမ်း အတွင်းရှိ Stay at Home နေအိမ် (၃၀)အတွက် တစ်အိမ်လျှင်ကြက်ဥ (၁၀)လုံးစီကို လည်းကောင်း၊ ချောင်းကြီးရပ်ကွက်အတွင်း Lock Down ချထားသော နေအိမ်(၃၀)အတွက် တစ်အိမ်လျှင် ကြက်ဥ(၁၀)လုံးကိုလည်းကောင်း၊ အထက-တနင်္သာရီ Positive Centre အတွင်းရှိ ကိုဗစ်-၁၉ လူနာများအတွက် သောက်ရေသန့်ဗူး (၆)လုံးတွဲ (၅၀)ကတ်ကိုလည်းကောင်း အိမ်တိုင်ရာရောက် ကိုယ်တိုင်လိုက်လံ ပို့ဆောင်လှူဒါန်းရာ ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးမြင့်ကိုနှင့် ရာအိမ်မှူးများက ပူးပေါင်းကူညီပေးကြပြီး ယနေ့လှူဒါန်းမှုမှာ ကြက်ဥလုံး(၆၀၀)နှင့် ရေသန့်ဗူး(၆)လုံးတွဲ(၅၀)ကတ်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း