အရာတော် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယခု ပဉ္စမအကြိမ်ခွဲဝေရရှိသည့် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံး(၁၀၀၀)ကို ယမန်နေ့ နံနက်(၈)နာရီမှ ညနေ (၃) နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ် (၃)ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)တို့တွင် စုရပ် လေးနေရာသတ်မှတ်ပြီး အဖွဲ့ လေးဖွဲ့ခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ယနေ့တွင် သံဃာတော်(၇)ပါး၊ သီလရှင်(၁)ပါး၊ ဝန်ထမ်း(၂)ဦး၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၁၇၈)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်နေသူ (၈၁၂)ဦး၊ စုစုပေါင်း (၁၀၀၀)ဦးကိုထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။